HPBC ၏ အဓိကလုပ်ငန်းတာဝန်များ
အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) သည်
- (၁)သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ ပေးပို့လာသည့် ပုံစံဒီဇိုင်းနှင့်တွက်ချက်မှုများအား စိစစ်ထောက်ခံချက်ပေးခြင်း
- (၂)လုပ်ငန်းခွင်တည်ဆောက်ရေးလုပ်ငန်းများအား ကြီးကြပ်စစ်ဆေးပေး၍ အပြီးသတ် စစ်ဆေးချက် အစီရင်ခံစာ ပေးပို့ခြင်းစသည့်အဓိက လုပ်ငန်းတာဝန် (၂) ရပ်ကို ဆောင်ရွက် လျက်ရှိပါသည်။ ဖော်ပြပါ လုပ်ငန်းတာဝန် (၂) ရပ် ဆောင်ရွက်လျက် နည်းပညာပိုင်းဆိုင်ရာ တိုးတက်လာရေးအတွက်လည်း မိမိနှင့်ဆက်စပ်လျက်ရှိသည့် Stakeholders များအား ပညာပေး ဆောင်ရွက်လျက်ရှိပါသည်။
1အဆောက်အအုံကြံ့ခိုင်ရေးနှင့် ရေ၊ သန့်ရှင်းရေး ဒီဇိုင်း
အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံများတွင် နေထိုင်သူ သုံးစွဲသည့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် အဆောက်အအုံကြံ့ခိုင်ရေး အပိုင်းကိုဦးစားပေး စဉ်းစားရပါသည်။ အဆောက်အအုံကြံခိုင်ရေးအတွက် အုတ်မြစ်လုပ်ငန်းတွင် ဘူမိအင်ဂျင်နီယာ ဘာသာရပ် (Geotechnical) နှင့် အပေါ်ထည်လုပ်ငန်းအတွက် (Structural) အင်ဂျင်နီယာ ဘာသာရပ်တို့ဖြင့် တွက်ချက်ဒီဇိုင်း ထုတ်ပုံစံ ရေးဆွဲရပါသည်။ နေထိုင်သူများအတွက် သန့်ရှင်းသော ရေလုံလောက်စွာရရှိရေး ၊ ရေဆိုး နှင့် မိလ္လာများ စနစ်တကျစွန့်ပစ်နိုင်ရေး ၊ ထွက်ရှိလာသော အမှိုက်များ အချိန်ကိုက်စွန့်ပစ်နိုင်ရေး ၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ပြီး နေထိုင်သူများ ကျန်းမာရေးမထိခိုက်စေရေးအတွက် ရေနှင့်သန့်ရှင်းရေး (Water Supply & Sanitation) အင်ဂျင်နီယာဘာသာရပ်ဖြင့် တွက်ချက် ဒီဇိုင်းထုတ်ပုံစံရေးဆွဲရပါသည်။
2လျှပ်စစ်နှင့် လေအေးပေးစနစ် (ACMV)
နေထိုင်သူများ အဓိကလိုအပ်သည့် လျှပ်စစ်စွမ်းအင်လုံလောက်စွာရရှိရေးအတွက် Power Supply နှင့်အရန် မီးစက် ၊ အဆောက်အအုံအတွင်း လုံခြုံစိတ်ချရသော လျှပ်စစ် မီးသွယ်တန်းခြင်းတို့ကို လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ဖြင့် တွက်ချက်ဒီဇိုင်းထုတ် ပုံစံ ရေးဆွဲရပါသည်။ ထို့အတူ လေအေးပေးစနစ် နှင့် လေလည်ပတ်မှုများလိုအပ်မည့်နေရာများ ရရှိရေးအတွက် ACMV အင်ဂျင်နီယာများက တွက်ချက်ဒီဇိုင်းထုတ်ပုံစံရေးဆွဲရပါသည်။
3မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် ဗိသုကာစိစစ်မှု
အထူးသဖြင့် မီးဘေးအန္တရာယ် ကာကွယ်ရေး နှင့် အရေးပေါ်မီးငြိမ်သတ်ရေး အတွက် ဗိသုကာများနှင့် မီးဘေးအန္တရာယ်ကာကွယ်ငြိမ်းသတ်ရေးပညာရှင်များက နေထိုင်သူ များအတွက် လွတ်မြောက်ရာဝင်လမ်းထွက်လမ်းနေရာ ၊ မီးခိုးမကူးစက်ရ မည့်နေရာများ ၊ လုံလောက်သည့်အကွာအဝေးတိုင်းတွင် အတက်အဆင်းလှေကား ထားရှိရေး ၊ မီးခိုးနှင့် အပူချိန်မြင့်တက်လာလျှင် အချက်ပေးကိရိယာများ အလိုအလျောက် ရေဖြန်းစနစ်များ ၊ မီးသတ် ပေးနိုင်သည့် အမြင့်တင်ရေပိုက်စနစ်များကို လုံလောက်စေရန်တွက်ချက်ဒီဇိုင်းရေးဆွဲ ပုံစံထုတ် ပေးရပါသည်။ သဘာဝဘေးအန္တရာယ်အရေးပေါ်ကျရောက်လျှင် ပြည်သူများ စုဝေးရ မည့်ဆုံရပ်ကို ဗိသုကာပညာရှင်များက သတ်မှတ်ပေးရပါသည်။ နေထိုင်သူများအတွက် လုံလောက်သည့် ကားရပ်နားရန်ထားရှိရေး ၊ သဘာဝလေနှင့်အလင်းရောင်ရရှိရေးတို့လည်း ဗိသုကာပညာရှင်များ စိစစ်ပေးရပါသည်။ အဆောက်အအုံဝန်းအတွင်းထားရှိရမည့် အဆောက်အအုံဧရိယာ နှင့် နေရာလွတ်ထားရှိရမည့် အချိုးကိုလည်း စိစစ်ပေးရပါသည်။
4EV အားသွင်းနေရာနှင့် ဒီဇိုင်းအဆင့်ဆင့် စိစစ်ခြင်း
ကားရပ်နားရန်နေရာတွင် EV ကားများအတွက် အားဖြည့်ရန်ကိုလည်း စီစဉ်ပေး ရပါသည်။ ဗိသုကာပညာရှင်များမှရှေးဦးစွာ ဗိသုကာအယူအဆနှင့်ဖွဲ့စည်းပုံ (Conceptual) ကိုစိစစ်ပြီး နောက် အသေးစိတ်ဒီဇိုင်းပုံစံထုတ်ခြင်း ၊ (Design Development) ကိုစိစစ်၍ ထောက်ခံချက်ပေးပို့ပါသည်။
5လိုက်နာသည့် စံချိန်စံညွှန်းများ
ဖော်ပြပါ တွက်ချက်ဒီဇိုင်းပုံစံထုတ်ခြင်း နှင့် စစ်ဆေးခြင်းများကို (Myanmar National Building Code 2025) မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ ၂၀၂၅ နှင့် သက်ဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက် လျက်ရှိပါသည်။
6Facility Management Service
နေထိုင်သူများအတွက် ဖော်ပြပါ အဆောက်အအုံကြံခိုင်ရေး နှင့် ဘေးကင်းလုံခြုံမှု ၊ ကျန်းမာရေးနှင့်ညီညွတ်နိုင်ရေးအတွက် လိုအပ်ချက်များအပြင် ပိုင်ဆိုင်မှုကဏ္ဍ နှင့်နေထိုင်သူ တို့အတွက် လိုအပ်သော ဝန်ဆောင်မှု (Facility Management Service) ရရှိရေးတို့အတွက် တည်ဆောက်သူ Developer များမှ ဆောင်ရွက်ပေးပြီးနေထိုင်သုံးစွဲမည့်သူများကို အသိပေးရန် လိုအပ်မည်ဖြစ်ပါသည်။
7Myanmar National Building Code နှင့် လိုက်နာရန်လိုအပ်ချက်
နိုင်ငံအသီးသီးရှိ National Building Code များကို ၅ နှစ်တကြိမ် (သို့မဟုတ်) ကြီးမားသောသဘာဝဘေးအန္တရာယ်ကျရောက်ပြီးတိုင်း သုံးသပ်၍ လိုအပ်ချက်နှင့် ကိုက်ညီ အောင် ပြုပြင်ရေးဆွဲကြပါသည်။ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက် များကို နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် Designer များ လိုက်နာစေရန် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် Update ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံး လိုက်နာရန် ပြဌာန်းခဲ့ပါသည်။ MNBC-2025 အား မန္တလေးငလျင်ကြီး ရိုက်ခတ်ပြီးနောက် Update ပြုလုပ်ခဲ့ပြီး လိုက်နာရန် ထုတ်ပြန်ခဲ့ပါသည်။ အများပြည်သူ ဘေးကင်းလုံခြုံရေး ၊ ကျန်းမာရေး နှင့် ညီညွတ်ရေးတို့အတွက် Myanmar National Building Code ကိုလိုက်နာရန် ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ပြဌာန်းထားရှိပါသည်။ သို့ဖြစ်ပါ၍ Developer / Owner များ ၊ ဒီဇိုင်းပညာရှင်များ ၊ ကန်ထရိုက်တာများ ၊ စီမံကိန်းမန်နေဂျာများ ၊ အရည်အသွေးစစ်ဆေးသူများ ၊ တတိယ အဖွဲ့အစည်းဖြင့် စစ်ဆေးသူများအားလုံးသည် Myanmar National Building Code ကို စေ့စပ်စွာလေ့လာပြီး လိုက်နာရန် လိုအပ်ပါသည်။
8HPBC ထုတ်ဝေထားသော Manual နှင့် Guideline များ
HPBC အနေဖြင့် စစ်ဆေးရေး လုပ်ငန်းများ ကြန့်ကြာမှုမရှိစေရန် ပုံစံဒီဇိုင်း စစ်ဆေးခြင်းအတွက် HPBC Manual 2026 ၊ တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးခြင်း အတွက် Inspection Guideline နှင့် EIET Manual တို့ကိုထုတ်ဝေခဲ့ပါသည်။ဘာသာရပ်အလိုက် သီးခြားလိုအပ်ချက်များကို Guideline များ ရေးဆွဲထုတ်ဝေထားပါသည်။ စီမံကိန်းလုပ်ငန်းများ စတင်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆွေးနွေးအကြံပြုစေနိုင်ရန် အစည်းအဝေး တစ်ရပ်ကိုလည်း ပြုလုပ်ပေးပါသည်။ ဆောက်လုပ်ရေးပစ္စည်းဓာတ်ခွဲခန်းများ လိုက်နာရမည့် စံချိန်စံညွှန်း Guideline ကိုလည်း ပြုစုထုတ်ဝေထားပါသည်။
9သင်တန်း၊ Accredited Checker System နှင့် Website
EIET အဖွဲ့များအတွက် သင်တန်းပေးခြင်း ၊ Geotechnical ပညာရှင်များ နှင့် Bore Pile ဆောင်ရွက်မည့်သူများအတွက် သင်တန်းပေးခြင်း ၊ Project Management အဖွဲ့များအတွက် အသိပညာပေးခြင်း နှင့် ဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။ ယခုအခါတွင် Structural နှင့် Geotechnical လုပ်ငန်းများ စစ်ဆေးရာတွင် ပိုမိုလျင်မြန် တိကျစေရန် (Accredited Checker System) အသိအမှတ်ပြု ဒီဇိုင်းစစ်ဆေးရေးပညာရှင် အဖွဲ့ဖြင့် စစ်ဆေးသည့် စနစ်ကိုလည်း Pilot Project အနေဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ HPBC ၏ Website ကိုလည်း အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ရေး ပြည်ထောင်စု ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအပါအဝင် Stakeholders အားလုံး လိုအပ်သည့် အကြံပြုချက်များပေးနိုင်ရန် နှင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။